သင်တန်းဆရာများကို ပျိုးထောင်ခြင်း

မူရင်း ...  သင်တန်းဆရာများကို ပျိုးထောင်ခြင်း

(၁) သင်တန်းဆရာများ၏ ကျွမ်းကျင်မှု အရေးကြီးပုံ

            နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အရည်အသွေးပြည့်မီသော လူအရင်းအမြစ်များ မရှိမဖြစ်လိုအပ်ကြောင်း အမျိုးသား ကျွမ်းကျင်မှု စံနှုန်း (National Competency Standard) ဆောင်းပါးတွင် ဖော်ပြခဲ့ပါသည်။

            ဤ လူအရင်းအမြစ်များရအောင် စနစ်တကျ ပြုစုပျိုးထောင်ယူရမည်။ ဤလုပ်ငန်းမှာ အလွန်ကြီးမား ကျယ်ပြန့်လှ၏။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ငွေအရင်းအနှီးများစွာ စိုက်ထုတ်ရန်လိုသလို အချိန်များစွာလည်း လိုအပ် ပေသည်။ အရေးကြီးဆုံးမှာကား ထို အမှန်တကယ်တတ်မြောက်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် သင်တန်းဆရာကောင်းများ လိုအပ်ခြင်းပေတည်း။

မြန်မာနိုင်ငံတွင် သက်မွေးဝမ်းကျောင်းပညာရပ်များနှင့်ပတ်သက်၍ အစိုးရကဖွင့်လှစ်ထားသော ကျောင်းများရော ပြင်ပ ပုဂ္ဂလိက သင်တန်းကျောင်းများပါ အတော်များများရှိပါသည်။ ဤသင်တန်းများသို့ တက်ရောက်သင်ကြားကြမည့် လူကြီး၊ လူငယ်သင်တန်းသားများ လည်း နည်းလှမည်မဟုတ်ပါ။ သို့ဆိုလျှင် ထိုသင်တန်းကျောင်းများမှ ဆင်းလာသည့် သင်တန်းသားများသည် မည်မျှ တတ်မြောက် ကျွမ်းကျင်သည်ကို ပြန်လည်စစ်ဆေးပါသလား။ ထိုသင်တန်းကျောင်းများတွင် ရှိသင့်ရှိထိုက်သည့် သင်ကြားမှုအထောက်အကူပစ္စည်းများ ရှိပါသလား။ ထိုကျောင်းများမှ သင်ရိုးများသည် တကယ့်လက်တွေ့လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျ ရှိပါသလား။

ထို့ထက် ထိုသင်တန်းကျောင်းများမှ သင်ပုံသင်နည်းများသည် သင်တန်းသားများနှင့်ကိုက်ညီသော သင်နည်းများဖြစ်ပါသလား။ ပို့ချနေသော သင်တန်းဆရာများသည် စနစ်တကျလေ့ကျင့်ပေးထားသော အရည်အသွေးပြည့် သင်တန်းဆရာများဖြစ်ပါသလား။

ဤတွင်ကြားဖြတ်၍ တစ်ခုပြောလိုပါသည်။

များမကြာမီ ကာလတစ်ခုက ကျွန်တော်နှင့် အလွန်ရင်းနှီးလှသော မိသားစုတစ်ခုတွင် အမေလုပ်သူက အသက် ၆ နှစ်လောက်ရှိ သော သားဖြစ်သူကို မြန်မာစာသင်ပေးရန် ဆရာမတစ်ဦးငှားပါသည်။ ထိုဆရာမကို မည်သည့်နေရာမှ ငှားလာသည်မသိ။ သို့သော် အစိုးရ ကျောင်းများတွင် သင်နေသော မူလတန်းပြဆရာမတော့ မဟုတ်ပါ။

အနှီဆရာမက သားဖြစ်သူကို မြန်မာစာ စသင်တော့ ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလားကို စာမျက်နှာပြည့် ချရေးခိုင်း ပါသည်။ ခဲတံတောင် သေသေချာချာ မကိုင်တတ်သေးသော သည်ကလေးကို ခဲတံမည်သို့ကိုင်ရမည်။ လက်ကိုဘယ်သို့ထားရမည်ကို စသင်ရမည်။ နောက်ပြီး အလွယ်ဆုံးဖြစ်သော ဝလုံးကို ဦးစွာဝိုင်းခိုင်းရမည်။ ဝလုံးပြီးတော့မှ ထဆင်ထူး။ ထိုမှ တစ်ဆင့်တက်ကာ ကကြီး စသဖြင့် အဆင့်ဆင့်သင်ရမည်ကို တော်ရုံဗဟုသုတရှိသူပင် သိပါသည်။

ကလေးမှာ ဆရာမခိုင်းသည့်အတိုင်း မနည်းကြိုးစားပမ်းစား ပင်ပမ်းကြီးစွာ ရေးနေရသည်။ မလွဲပါသလော။ အလွန်လွဲ၏။ ယခုမှ စာစသင်ရမည့် ကလေးကို ဝလုံးဝိုင်းခိုင်းရမည်ဟုပင် မသိသူတစ်ဦးက သင်ပေးနေသည်ဖြစ်ရကား ထိုကလေးမှာ စာကို သေသေချာချာ ရေးတတ်နိုင်ပါမည်လား။ ဝေးစွ။ ဤကဲ့သို့ သင်ကြားပေးနေသော ဆရာ၊ ဆရာမအမည်ခံနေသူများ မြန်မာနိုင်ငံတွင် အဘယ်မျှ ရှိနေပါ သနည်း။

မြန်မာနိုင်ငံအနှံ့အပြားတွင် တရားဝင် ဖွင့်လှစ်သင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်သင် ပညာရေးကျောင်းများ အများအပြားရှိပါသည်။ အချို့ကျောင်းများမှာ မူလတန်း၊ အချို့ကျောင်းများမှာ အလယ်တန်း၊ အချို့ကျောင်းများမှာ အထက်တန်းပညာများထိ သင်ကြားပေးနေကြပါသည်။ ထိုကျောင်းများမှ ဆရာဆရာမ အများစုမှာ သင်ကြားမှုနှင့်ပတ်သက်သော မည်သည့် သင်တန်းမှ စနစ်တကျပေးမထားသည့် သာမန် ဆယ်တန်း၊ ဆယ်တန်းအောင်၊ ဘွဲ့ရ စသူတို့သာ ဖြစ်ပါသည်။

ထိုကျောင်းများတွင် လခနည်းနည်းနှင့် သင်ကြားပေးနေသော ၎င်းတို့၏ စေတနာကို အသိအမှတ်ပြုပါသည်။ သို့သော် စေတနာ တစ်ခုတည်းနှင့် မပြီးပါ။ သေသေချာချာ သင်တတ်ဘို့လည်း အရေးကြီးပါသည်။ သို့မဟုတ်ပါက အထက်တွင် ဖော်ပြခဲ့သော ဆရာမဆိုသူ သင်ပုံအတိုင်းသာသင်ခဲ့လျှင် ကလေးများအဖို့ အလွန်နစ်နာလှပါသည်။ အသင်မတတ်ပါက ပိုးသာ လှည်းနှစ်စီးတိုက်လောက် ကုန်သွား မည်။ မောင်ပုံကလေး စောင်းတတ်မည် မဟုတ်ပါချေ။

စာသင်ခြင်းဟူသည် ပညာရပ်တစ်ခုဖြစ်၏။ လေးတန်းအောင်ရုံမျှနှင့် မူလတန်းမှစာများကို သင်နိုင်ပြီ။ ဆယ်တန်းအောင်ကာမျှနှင့် အလယ်တန်း၊ အထက်တန်းများကို သင်နိုင်ပြီဟု ယူဆ၍ မရပါ။ သို့သော် ထိုကျောင်းများမှာ လက်ရှိဖြစ်နေသော ပြဿနာကို လောလောလတ်လတ် ဖြေရှင်းရန် ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် အခြား စိတ်အားထက်သန်သူ လူပုဂ္ဂိုလ်များက ဝိုင်းဝန်းကြိုးပမ်း ကြခြင်း ဖြစ်ပါသည်။ အချို့မှာ အစိုးရကျောင်းမှ ဆရာ၊ ဆရာမဟောင်းများ ဖြစ်သည့်တိုင် အရေအတွက်အားဖြင့် အလွန်နည်းပါသည်။

ယခုအခါတွင် ထိုကျောင်းများမှ ဆရာဆရာမများကို ဆရာဖြစ်သင် သင်တန်းများ ပို့ချပေးသည်ဟု သတင်းသဲ့သဲ့ကြားမိ၏။ သို့သော် ဤကိစ္စမှာ တစ်ကျောင်းနှစ်ကျောင်းမျှ လုပ်ရမည့်ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ကျောင်း နှင့် သီလရှင်သင် ကျောင်းများမှ ရာပေါင်းများစွာသော ဆရာဆရာမများကို စနစ်တကျ သင်ပေးရမှာ ဖြစ်ပါသည်။ ကလေးများကို အရင်စာသင်ဘို့ထက် ထိုဆရာဆရာမများကို ဦးစွာ လေ့ကျင့်ပေးဘို့က ပိုအရေးကြီးပါသည်။ သို့မဟုတ်ပါက ထို ဘုန်တော်ကြီးသင်နှင့် သီလရှင်သင်ကျောင်းများမှ ကလေးများမှာ ဒေါက်တာရမ်းကုနှင့် အကုခံရသော လူနာများသဖွယ် ဖြစ်နေပါလိမ့်မည်။ 

            ပြန်ကောက်ရလျှင် သင်တန်းကျောင်းများမှ သင်တန်းဆရာများလည်း ဤနည်းအတိုင်း ဖြစ်ပါသည်။ သင်တန်းဆရာများ အသင်မတတ်လျင် သင်တန်းလာတက်သူတို့မှာ ပိုက်ဆံကုန်၊ အချိန်ကုန်၊ ကြိုးစားရကျိုး နပ်မည်မဟုတ်ပါ။

            ထို့ကြောင့် ထိုသင်တန်းများမှ သင်တန်းဆရာများကို သေသေချာချာ ပို့ချတတ်သော အရည်အသွေးပြည့်မီသည့် သင်တန်း ဆရာများ ဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် အရေးကြီးပါသည်။

            သင်တန်းကောင်းတစ်ခု၌ သင်တန်းပို့ချရန် ပတ်ဝန်းကျင်၊ သင်တန်းကို အထောက်အကူပြုမည့် ကိရိယာများစသည်တို့နှင့် ပြည့်စုံ သည့် သင်တန်းကျောင်း၊ စနစ်တကျ ရေးဆွဲထားသော သင်ရိုး၊ သင်တန်းသားကိုင်စာအုပ်၊ ဆရာကိုင်စာအုပ်၊ သင်တန်းအချိန်ဇယား၊ သင့်တော်သော သင်တန်းချိန်၊ သင်တန်းအပေါ်လေ့လာသုံးသပ်ချက်၊ လိုအပ်လျှင် ထပ်မံလေ့လာရန် သင်တန်းနှင့်ပတ်သက်သည့် ရည်ညွှန်းစာအုပ်စာတမ်းများ၊ လေ့ကျင့်ပေးထားသော အရည်အသွေးပြည့်ဝသည့် သင်တန်းဆရာ၊ သင်တန်းအား စီမံခန့်ခွဲသည့် နည်းစနစ် စသည်တို့ ရှိရမည်။ 

(၂) သင်တန်းဆရာတစ်ဦး၏ အခန်းကဏ္ဍ

သင်တန်းဆရာတစ်ဦး၏ အခန်းကဏ္ဍသည် ပုံမှန်ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် မတူချေ။ ပုံမှန်ကျောင်းများမှာ ဆရာမှ တပည့်သို့ တစ်လမ်းသွား ပညာရေးစနစ်ဖြစ်သည်။ အခြေခံကျောင်းများတွင် ဝိဇ္ဇာသိပံ္ပပညာရပ်များ၊ လူမှုရေးဆိုင်ရာအခြေခံ ပညာရပ်များကို သင်ကြားပေးသည်။ ၎င်းတို့သင်ယူရသော ပညာရေးမှာ အခြေခံအသိပညာရရှိရေးဖြစ်ပြီး အသုံးချသည့် နယ်ပယ်သို့မရောက်သေး။ ထို အသိပညာများကို အခြေခံလျက် လက်တွေ့နယ်ပယ်တွင် အသုံးချရသည်။ တစ်နည်းအားဖြင့် ပုံမှန်ကျောင်းတွင် သင်ယူလေ့လာနေသော ကျောင်းသားများမှာ အသိပညာရရှိရေး သီးသီးသာ ဖြစ်၏။

            သို့သော် သက်မွေးဝမ်းကျောင်းပညာရပ်များကို ပို့ချနေသော ကျောင်းများ၊ ထိုကျောင်းများတွင် တက်ရောက်သင်ယူနေသော သင်တန်းသားများမှာမူ အထက် ပုံမှန်ကျောင်းများနှင့် လုံးဝ ကွာသွားသည်။ သင်တန်းကျောင်းများ၌ လေ့လာသင်ယူမှုများသည် အသိပညာ ရရေး သက်သက်သာမဟုတ်တော့ဘဲ လက်တွေ့နယ်ပယ်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ ထို့ကြောင့်ပင် ထိုသင်တန်းသားများကို လေ့ကျင့်ပေးရာ၌ အခြေခံကျောင်းများ၌ သင်ပေးသကဲ့သို့ မရတော့။ လက်တွေ့ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးရန် လိုလာသည်။ ထိုသင်တန်းသားများသည် အခြေခံကျောင်းများမှာကဲ့သို့ စာများကို သဘောပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ၊ အလွတ်ကျက်မှတ်ရုံမျှသာ မဟုတ်တော့ဘဲ သေသေချာချာ နားလည်သဘောပေါက်ရန် အရေးကြီးလာသည်။ သို့မှသာ ဤသင်တန်းမှ ရရှိလာသော အသိပညာများကို လက်တွေ့နယ်ပယ်နှင့် ဆက်စပ် အသုံးချနိုင်မည်ဖြစ်၏။

            သင်တန်း၏ သဘောသဘာဝ ကွာခြားသွားသကဲ့သို့ သင်တန်းပို့ချမည့် လေ့ကျင့်ပေးသူ (trainer) ၏ အခန်းကဏ္ဍ၊ တာဝန် ဝတ္တရားမှာလည်း ကျောင်းဆရာဆရာမများ၏ တာဝန်ဝတ္တရားနှင့် မတူတော့ပေ။

            လေ့ကျင့်ပေးသူတစ်ဦးသည် ကျောင်း၌ဆရာဆရာများ စာသင်သကဲ့သို့ အတန်းရှေ့တွင်နေကာ ကိုယ်ကချည်း တစ်ချိန်လုံး ပြောပြ နေရန် မဟုတ်ပေ။ ယေဘူယျအားဖြင့် သင်တန်းဆရာတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါတို့ဖြစ်၏။

v  သင်ကြားပြသခြင်း

v  (သင်တန်းသားများအား) လေ့လာခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်း

v  အမှားပြင်ပေးခြင်း

v  (သင်တန်းသားတို့၏) အတုယူဖွယ်ဖြစ်ခြင်း

v  (သင်တန်းသားများ၏) ယူဆချက်များကို မေးမြန်းခြင်း

v  ရှင်းလင်းတင်ပြခြင်း

ထိုမျှသာမက သင်တန်းဆရာသည် မိမိ၏အတတ်ပညာကို အသုံးချလျက် သင်တန်းသားများအား အသိပညာနှင့်ကျွမ်းကျင်မှုကို -

v  သင့်တော်သော သင်နည်းဖြင့်ပေးရမည်။

v  မှန်ကန်သောအချိန်တွင် ပေးရမည်။

v  သင်တန်းသားတွင် ရှိပြီးသား အရည်အသွေးများနှင့် ပေါင်းစပ်ပေးရမည်။

လေ့ကျင့်ပေးသူတစ်ဦးအနေနှင့် တိုးတက်ပြောင်းလဲနေသော နည်းပညာများကို အမီလိုက်နိုင်ရန်နှင့် ခေတ်နှင့် မျက်ခြေမပြတ် စေရန် အမြဲမပြတ် လေ့လာသင်ယူနေရန် (life long learning) လိုသည်။ ၎င်းသည် သင်တန်းသားများအတွက် စံပြဖြစ်နေရမည်။

(၃) သင်တန်းဆရာတစ်ဦး၏ လိုအပ်သော ကျွမ်းကျင်မှု (Competencies of a trainer)

က) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု (Professional Skill)

            သင်တန်းနည်းပြသည် မိမိသင်ကြားပြသမည့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျင်နေရမည်။ ယောင်ဝါးဝါးဖြစ်မနေစေရ။ သင်တန်းဆရာလုပ်မည့်သူသည် စာတွေ့ရော (လုပ်ငန်းခွင်) လက်တွေ့ဗဟုသုတပါ ရှိထားရန်လိုသည်။ သို့မှသာ လုပ်ငန်းခွင်၌တွေ့ရမည့် အခက်အခဲများကို ကိုယ်တွေ့ဗဟုသုတများနှင့်ယှဉ်ကာ ပြောပြနိုင်မည်။ စာအုပ်ဖတ်ပြီး သင်ပေးနေသူသည် တကယ့်သင်တန်းနည်းပြ ကောင်းတစ်ဦး ဖြစ်မည်မဟုတ်ချေ။ လိုအပ်ပါက သင်တန်းဆရာများသည် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အခြားသင်တန်းများကိုလည်း တက်ထား၊ လေ့လာထားရမည်။ မိမိမကျွမ်းကျင်သောအပိုင်းဆိုပါက အခြား ကျွမ်းကျင်တတ်မြောက်သူများထံ နာခံမှတ်သားရမည်။ ထိုသူများထဲတွင် -

Ø  မိမိနှင့်အဆင့်တူ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိတ်ဆွေများ

Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် အထူးကျွမ်းကျင်သူ ဝါရင့်ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ

Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ

Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်များမှ ဌာနမှူးများ၊ ကထိက၊ ပါမောက္ခများ

Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် စက်ကိရိယာ ထုတ်လုပ်သူ၊ ငှားရမ်းသူ၊ ရောင်းဝယ်သူများ စသည်တို့ ပါဝင်သည်။

ခ)  ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု (Personal Skill)

            ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

v  သင်တန်းသားများနှင့် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံနိုင်ခြင်း (Communicate in an appropriate way)

v  သင်တန်းသားများအား လမ်းညွှန်မှုပေးနိုင်ခြင်း (Guide the trainees)

v  သင်တန်းသားများအား ဝေဖန်သုံးသပ်ချက်ပေးခြင်း (Give the trainee feedback)

v  လူငယ်တို့၏ အလေ့အထများကို သိနားလည်ခြင်း (Know something about youth culture)

v  သင်တန်းအစီအစဉ်များကို သင်တန်းသားများ ပါဝင်စေလျှက် ရေးဆွဲခြင်း (Plan a training programme together with the trainees) . . . စသည်

အကယ်၍ သင်တန်းဆရာသည် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှု အားနည်းနေသည်ဆိုပါက ၎င်းအား သင့်တော်သည့် သင်တန်းများ (ဥပမာ - အများပြည်သူနှင့် ဆက်ဆံရေး (public relationship) သင်တန်း၊ ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း (communication skill) စသည်) သို့စေလွှတ်လေ့လာစေသင့်သည်။

ဂ) မိမိပညာရပ်တွင် စဉ်ဆက်မပြတ် တိုးတက်နေမှု (Continuous professional development)

            မိမိဘာသာရပ်နှင့် ပတ်သက်၍ တိုးတက်ပြောင်းလဲနေသော နည်းပညာများအား အမီလိုက်နိုင်ရန် ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သော် လည်းကောင်း၊ မိမိကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုဖြင့် သော်လည်းကောင်း စဉ်ဆက်မပြတ်လေ့လာသင်ယူနေဘို့ လိုသည်။ နည်းပညာ ဆိုင်ရာ နေ့စဉ်သတင်းများ၊ အရည်အသွေးမြှင့်သင်တန်းများ၊ အင်တာနက် သတင်းအချက်အလက်များ၊ စာအုပ်စာတမ်းများမှ လေ့လာ သင်ယူနိုင်သည်။ အင်တာနက်ရှိလျှင် တိုးတက်သောနိုင်ငံကြီးများမှ ပို့ချသည့် e-learning သင်တန်းများကိုလည်း တက်ရောက်နိုင်သည်။ သက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ပို့ချသော ညနေပိုင်းသင်တန်းများကို တက်ရောက်နိုင်သည်။

            လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို မျက်ခြေမပြတ်မှသာ ဈေးကွက်၏လိုအပ်ချက်နှင့် ကိုက်ညီသော သင်ရိုးများ ရေးဆွဲနိုင် မည်။ သင်တန်းသားများအား ၎င်းတို့ အလုပ်ခွင်တွင် တိုက်ရိုက်အသုံးချနိုင်သော အသိပညာများ ပံ့ပိုးပေးနိုင်မည်။ သင်တန်းမှ ပို့ချပေးလိုက် သောစာများနှင့် လက်တွေ့ကို ပေါင်းစပ်ပေးနိုင်မည်။

(၄) သင်တန်းဆရာအတွက် အရေးကြီးသော အချက် (၁၀) ချက်

 ၁။ သင်တန်းစစချင်း သင်တန်းဆရာနှင့် သင်တန်းသားတို့ အပြန်အလှန် နားလည်မှုရရန် အရေးကြီးသည်။ အဖွင့်သည် အရေးကြီး သဖြင့် သင်တန်းမစမီ အချင်းချင်း မိတ်ဆက်ချိန်၌ သင်တန်းဆရာသည် သင်တန်းသားအားလုံး၏ အပြုအမူ၊ အလေ့အထတို့ကို တတ်နိုင်သမျှ ခြုံမိငုံမိဖြစ်အောင် လေ့လာရမည်။

၂။ သင်တန်းဆရာသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားရမည်။ သင်တန်းစစချင်း၌ပင် မိမိသည် ဤဘာသာရပ်နှင့်ပတ်သက်၍ ကျွမ်းကျင်တတ်မြောက်သူဖြစ်ကြောင်း ပြရမည်။ အထူးသဖြင့် မိမိထက် ပိုမိုတတ်ကျွမ်းသော သင်တန်းသားများ ပါလာပါက မိမိ၏ လေ့လာမှု၊ အတွေ့အကြုံတို့ကို ပိုမိုအသေးစိတ်စွာ ပြောပြရန်လိုပါက ပြောပြရမည်။

၃။ မိမိယခု ပြသမည့် သင်ခန်းစာများကို ကောင်းစွာ ကျေညက်နေရမည်။ မည်သည့် ဆလိုက်ပြီးလျှင် မည်သည့်ဆလိုက်လာမည် စသည်တို့ကိုပါ အသေးစိတ်သိနေလျှင် ပိုမိုခရီးရောက်သည်။ ထိုသို့ဖြစ်နေစေရန် သင်တန်းမစမီကတည်းက သင်တန်း၌ တကယ်သုံးမည့် ဆလိုက်များ၊ လက်စွဲစာအုပ်များနှင့် အထပ်ထပ် လေ့ကျင့်ထားရမည်။ ကိုယ်လုံးပေါ်မှန်ရနိုင်က ကိုယ်လုံးပေါ် မှန်ရှေ့၌ လေ့ကျင့်ရမည်။ ပြောသည့်လေသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ ကိုယ်နေဟန်ထား၊ မျက်နှာအမူအရာ စသည်တို့ကို အကဲခတ်၍ ပြင်သင့်တာရှိလျှင် စောစောစီးစီး ကြိုပြင်ထားရမည်။ အကယ်၍ လက်တွေ့သရုပ်ပြရန်လိုပါက သင်တန်းခန်းအတွင်း၌ အခက်အခဲ၊ အထစ်အငေါ့မရှိ သရုပ်ပြနိုင်ရန် (အဖော်ရလျှင် အဖော်ခေါ်ကာ) ကြိုတင်လေ့ကျင့်ထားရမည်။ 

၄။ သင်တန်းဆရာဟူသည် အတန်းရှေ့တွင် ရပ်နေရသည်ဖြစ်ရာ အားလုံးက ဝိုင်းကြည့်နေကြမည်ဖြစ်၏။ ထိုအခါ ၎င်းတွင် အများရှေ့၌ အမှားတစ်ခုခုလုပ်မိမှာကို စိုးရိမ်စိတ်ဝင်နေတတ်သည်။ ထိုစိုးရိမ်စိတ်ကြောင့်ပင် ၎င်းသည် အမှားများကို ပြုလုပ်မိတတ်သည်။ ထိုအခါ ထိုအမှားကို (ဣန္ဒြေမပျက်စေဘဲ) အချိန်မီ ပြန်လည် အဖတ်ဆည်နိုင်ရန် ကြိုးစားရမည်။

၅။ ရိုးသားပါ။ အကယ်၍ သင်တန်းသားတစ်ဦးဦး မေးလာခဲ့သော မေးခွန်းကို မသိပါက ယောင်ဝါးပြီး မဖြီးပါနှင့်။ “အဲဒါနဲ့ပတ်သက်လို့ ငါ ထပ်ရှာလိုက်ဦးမယ်။ နက်ဖြန်ကျ ပြန်ဖြေပေးပါမယ်” စသဖြင့် ပြောပါ။ မသိခြင်းသည် အပြစ်မဟုတ်။ သိချင်ယောင်ဆောင်ခြင်းသာ အပြစ်ဖြစ်သည်။ သို့သော် ထိုအဖြေကိုမူ သေသေချာချာ၊ ဂဃနဏ ရှင်းရှင်းလင်းလင်းသိသည်ထိ ရှာပြီး အဖြေပြန်ပေးရန် အရေးကြီးသည်။

၆။ မိမိပို့ချနေသော သင်တန်း၏ အဓိက ရည်ရွယ်ချက် (learning outcome) ကို မပျောက်ပါစေနှင့်။ ထိုရည်ရွယ်ချက်ရောက်အောင် သင်ပါ။ ပို့ချချက်များကို အပိုင်းများခွဲပြီး တစ်ပိုင်းပြီးတိုင်း သင်ခန်းစာ၏ ရည်ရွယ်ချက်များ ပြည့်မီသလားဟု ပြန်လည်စစ်ဆေးပါ။ ပြီးခဲ့သော ပို့ချချက်များသည် ရည်မှန်းထားသည့် ရည်ရွယ်ချက်ကို ပြည့်မီပါစေ။ အားလုံးပြည့်စုံပြီဆိုမှ နောက်တစ်ပိုင်းကို ဆက်ပါ။

၇။ သင်တန်းဆရာသည် မိမိပို့ချနေသည့် ပို့ချချက် ခေါင်းစဉ်မှ သွေဖီမသွားစေရန် အမြဲသတိပြုနေရမည်။ သင်တန်းသားများမှ သင်ခန်းစာ နှင့် ပတ်သက်သော မေးခွန်းများ၊ စပ်စုမှုများ၊ ၎င်းတို့၏အတွေ့အကြုံများကို မေးမြန်း၊ ပြောပြလာနိုင်သည်။ ထိုအခါ ထိုမေးခွန်းနှင့် ဆွေးနွေး ချက်များသည် မူလခေါင်းစဉ်မှ သွေဖီသွားလျင် အချိန်မီပြန်လည် တည့်မတ်ပေးရမည်။ ထိုအကြောင်းကို နောင် အချိန်ရလျှင်သော် လည်းကောင်း၊ ကော်ဖီနားချိန်တွင်လည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောပါ။

၈။ ပို့ချနေသော အကြောင်းအရာအား အထောက်အကူပြုမည့် ဥပမာများ၊ ပုံပြင်များ၊ နမူနာများ၊ သင်၏ အတွေ့အကြုံများကို ပြောပြပါ။ ဤသို့ပြောပြရာတွင် ရုပ်ပုံကားချပ်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ ပြသနိုင်သည်။ ခက်ခဲရှုပ်ထွေးသော အကြောင်းအရာဖြစ်ပါက ပိုမိုလွယ်ကူ သည့် ဥပမာများ၊ အခြားနှိုင်းယှဉ်စရာများနှင့် ပြောပြပါ။ ဥပမာ၊ ဥပမေးယျများသည် အကြောင်းအရာကို ပိုမိုလွယ်ကူစွာ မှတ်မိစေသည်။

၉။ ပို့ချသည့်အကြောင်းအရာကို သင်တန်းသားများနှင့် ဆက်စပ်ပတ်သက်၍ အနှစ်သာရတစ်ခုခု ပေးနိုင်စွမ်းရှိရမည်။ ရှုထောင့်စုံမှ မေးလာသော မေးခွန်းများကို ဖြေကြားရာတွင် စိတ်ရှည်သည်းခံခြင်း အလွန်အရေးကြီး၏။

၁၀။ အရေးကြီးဆုံးကား သင်တန်းကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးဖြစ်သည်။ သင်တန်းပြီးဆုံးသွားသည့်အခါ သင်တန်းမှ ပို့ချလိုက်သမျှထဲမှ သော့ချက်ဖြစ်သော အကြောင်းအရာများကို ပြန်နွှေးပေးရမည်။ ၎င်းတို့တကယ် တတ်သိနားလည်ခြင်း ရှိမရှိ၊ ရေးဖြေ၊ နှုတ်ဖြေ မေးခွန်းများမေးခြင်း ပြုလုပ်နိုင်သည်။ လက်တွေ့လုပ်ရန်လိုအပ်ပါက လက်တွေ့လုပ်ခိုင်းရမည်။ ယခုသင်တန်းမှ လေ့လာသင်ယူသွားသည်များအား လက်တွေ့နယ်ပယ်တွင် မည်ကဲ့သို့အသုံးချနိုင်သည်ဆိုခြင်းကို သင်တန်းသားများ သေချာစွာ နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။

            ထိုမျှသာမကသေး။ သင်တန်းနည်းပြလုပ်သူသည် စိတ်ရှည်ရမည်။ သည်းညည်းခံရမည်။ ဇွဲသန်ရမည်။ မိမိပို့ချနေသော အကြောင်းအရာကို စိတ်ဝင်စားရမည်။ စိတ်အားထက်သန်မှု ရှိရမည်။ သင်တန်းသားများမှာ မ,ပေါင်းတစ်ထောင်သားများ ဖြစ်သဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေပါလာမည်ကို သိထားရမည်။

ရစ်လာသူများ၊ အလွန်စကားများသူများ၊ စကားတစ်လုံးမှ မပြောသူများ၊ ဘာကိုပြောပြော အမြဲ ဆန့်ကျင်နေသူများ၊ သင်တန်းခန်း ထဲတွင် အိပ်ငိုက်နေသူများ၊ အခန်းတွင်း ဝင်လိုက်ထွက်လိုက် လုပ်နေသူများ၊ သင်တာကို စိတ်မဝင်စားဘဲ အချင်းချင်း စကားများနေသူများ၊ သင်တန်းသားသည် သင်တန်းဆရာ၏ သူငယ်ချင်းဖြစ်နေသဖြင့် မခန့်လေးစား လုပ်သူများ၊ ၎င်းတော်ကြောင်းတတ်ကြောင်း ပြလိုသူများ၊ အများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ကို ကြောက်ရွံ့စိုးထိတ်နေသူ၊ ရှက်ရွံ့နေသူများ၊ ဤသင်တန်းသည် မိမိအတွက် အလွန်မြင့်လွန်းသည် ထင်ပြီး စိတ်ဓာတ်ကျနေသူများ စသူတို့ကို ကောင်းစွာ ကိုင်တွယ်တတ်ရမည်။

အခန့်သင့်လျှင် ရယ်ရွှင်ဘွယ်ရာလေးများ ပြောသင့်သည်။ ရီမောပျော်ရွှင်နေခြင်းဖြင့် သင်တန်းကို စိုစိုပြေပြေဖြစ်အောင် ထိန်းထားနိုင်သည်။ သို့သော် တမင်လုပ်ပြောသည့် ပြက်လုံးများနှင့် ညစ်ပတ်သော ပြက်လုံးများကို မပြောရ။

(၅) သင်တန်းဆရာများအား ပြုစုပျိုးထောင်ခြင်း

            စင်ကာပူနိုင်ငံတွင်မူ ကိုယ့်ဘာသာသင်တန်းကျောင်းထောင်၊ ကိုယ့်ဘာသာကိုယ် သင်တန်းနည်းပြဆရာခန့် လုပ်လို့မရပါ။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး သင်တန်းကျောင်းထောင်ရန် MOM (Ministry of Manpower) တွင် လိုင်စင်တင်ရသည်။ လိုင်စင်ရ သင်တန်းဌာနများကို ATP (MOM Accredited Training Provider) ဟု ခေါ်သည်။ ထိုကျောင်းတွင်သင်မည့် သင်တန်းဆရာများသည် အချိန်ပြည့်သင်တန်းဆရာဆိုလျှင် ACTA (Advanced Certificate in Training and Assessment) Module ၆ ခု (CU1, CU2, CU3, CU4, CU5, CU6) တက်ပြီး အောင်မှ သင်လို့ရသည်။ သို့တိုင် ထိုသင်တန်းအောင်ကာမတ္တမျှနှင့်မရသေးပါ။ ပို့ချမည့် ဘာသာရပ်နှင့် သက်ဆိုင်သည့်နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည်။ (ဥပမာ - ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သင်တန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ပရော်ဖက်ရှင်နယ်အဖြစ် လုပ်သက် ၅ နှစ်ရှိရမည်။ သင်္ဘောကျင်းသင်တန်းများအတွက် သင်္ဘောကျင်းလုပ်သက် ၅ နှစ်ရှိရမည်။)

ဆူပါဗိုက်ဆာနှင့် မန်နေဂျာအဆင့်သင်တန်းများအတွက် Safety Officer သင်တန်းဆင်းလက်မှတ်ရှိမှရသည်။ အချိန်ပိုင်း သင်တန်းဆရာဆိုလျှင် ACTA, Module ၄ ခု (CU1, CU2, CU4, CU6) အောင်ရသည်။

            ထို ACTA သင်တန်းများကို အစိုးရအသိအမှတ်ပြု သင်တန်းကျောင်းများတွင် တက်၍ရပါသည်။ IAL (Institute for Adult Learning), STADA (Singapore Training and Development Association), Sigma Solution, NTUC Learning Hub တို့မှာ ထင်ရှားသည်။ ထိုကျောင်းများအနက် ကျွန်တော်ကတော့ IAL ကို ပိုပြီး သဘောကျပါသည်။ ထိုကျောင်းတွင် နေ့သင်တန်းရှိသလို ညသင်တန်းများလည်း ရှိ၏။ အလုပ်မဖျက်ချင်သော ကျွန်တော်တို့အတွက် အလွန်အဆင်ပြေပါသည်။ ညနေ ၆ နာရီမှ ၁၀ နာရီထိ ဖြစ်၏။ ည ၇ နာရီခွဲတွင် သင်တန်းခေတ္တနားကာ ညစာကျွေးပါသည်။

            ACTA သင်တန်းများတွင် သင်တန်းဆရာတစ်ဦးအဖို့ မသိမဖြစ်၊ မတတ်မဖြစ် တတ်ထားရမည့်အရာများအားလုံးကို သင်ပေးပါ သည်။ ACTA Module ၆ ခုမှာ အောက်ပါတို့ ဖြစ်ပါသည်။

CU1 - Interpret the Singapore Workforce Skills Qualification Framework

CU2 - Apply Adult Learning Principles and Codes of Ethics Relating to Training

CU3A - Design and develop WSQ facilitated training programme

CU4A - Prepare and facilitate classroom training

CU5 – Develop A Competency-Based Assessment

CU6 – Conduct Competency-Based Assessment


            သင်တန်း ၆ ခုစလုံးမှ ပို့ချချက်များကို ဆောင်းပါးတစ်ပုဒ်မျှဖြင့် ရေးသားဖော်ပြရန် မဖြစ်နိုင်ပါ။ ထိုသင်တန်းပို့ချချက်အားလုံးကို ရေးသားဖော်ပြရလျှင် စာအုပ်တစ်အုပ်စာမျှ ရှိပါသည်။

အကြမ်းဖျဉ်းပြောရလျှင် ပထမဦးစွာ စင်ကာပူနိုင်ငံ၌ ကျင့်သုံးနေသည့် National Compentecy Standard အကြောင်းနှင့် စင်ကာပူ လုပ်သားထုကျွမ်းကျင်မှုအရည်အသွေး မြင့်မားလာစေရန် ချမှတ်ထားသောဘောင်ကို  နားလည်အောင် ရှင်းပြသည်။ ထို့နောက် သင်တန်းဆရာတစ်ဦး၌ ရှိသင့်ရှိထိုက်သော အရည်အသွေး၊ ထားရှိရမည့် စိတ်နေသဘောထား၊ ကျင့်ဝတ် စသည်တို့ကို သင်ကြားသည်။ ထို့နောက် သင်တန်းပို့ချချက် မှတ်စုများ (training material) ပြင်ဆင်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးသည်။ သင်ကြားပို့ချနည်းကို လက်တွေ့လေ့ကျင့်ပေးသည်။

ထို့ပြင် သင်တန်းသားတစ်ဦးအား တကယ်တတ်မြောက်ကျွမ်းကျင်မှု ရှိ/မရှိ စစ်ဆေးခြင်း (Assessment plan) အစီအမံ ရေးဆွဲခြင်း နှင့် လက်တွေ့စစ်ဆေးခြင်းတို့အား အတန်းထဲ၌ပင် လေ့ကျင့်ခိုင်းသည်။ သို့လေ့ကျင့်ရာ၌ အစစ်ဆေးခံရသူက ကဖျက်ယဖျက် (disruptive behaviour) လုပ်လာခဲ့လျှင် မည်သို့ကိုင်တွယ်ရမည်ကိုပါ တစ်ပါတည်း ညွှန်ကြားပြသပေးသည်။ ကဖျက်ယဖျက်အပြုအမူ ဆိုသည်မှာ အထက်တွင်ဖော်ပြခဲ့သလို စိတ်ဝင်စားမှုမပြခြင်း၊ အိပ်ငိုက်နေခြင်း၊ မိမိပြောသမျှ ငြင်းဆန်နေခြင်း၊ မိမိပြောသည်ကို နားမထောင်ဘဲ သူစိတ်ထင်ရာချည်း လျှောက်ပြောနေခြင်း၊ ကြိုးစားချင်စိတ်မရှိဘဲ လာဘ်ထိုးသောနည်းဖြင့် စာမေးပွဲအောင်ရန် ကြိုးစားခြင်း စသည်တို့ပါဝင်ပါသည်။

            သင်တန်းကြေးမှာ စုစုပေါင်း module ၆ ခုအတွက် စင်ကာပူဒေါ်လာ ၃၀ဝ၀ ပတ်ဝန်းကျင်ရှိပါသည်။

(၆) နိဂုံး

            ကောင်းမွန်လှပသော ပန်းပုရုပ်တစ်ခု ဖြစ်လာစေရေးအတွက် ပန်းပုဆရာ အလွန်အရေးကြီးပါသည်။ ပန်းပုဆရာများ များစွာ ရှိနိုင်ပါသည်။ သို့သော် ပန်းပုဆရာ၏ အရည်အသွေးကိုလိုက်၍ အရုပ်ဖြစ်ရုံမျှထုထားသော ပန်းပုရုပ်၊ ရောင်းတန်းဝင်ရုံမျှ ပန်းပုရုပ်၊ ဂန္ဓဝင်မြောက် ပန်းပုရုပ်စသဖြင့် ကွာသွားပါသည်။

            ဤကဲ့သို့ပင် သင်တန်းတစ်ခု၌လည်း သင်ကြားပေးသော သင်တန်းဆရာ၏ အရည်အသွေးကိုလိုက်၍ သင်တန်းသား၏ တတ်မြောက်မှု၊ ကျွမ်းကျင်မှု ကွာသွားနိုင်ပါသည်။ ယခု မြန်မာနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ဝင်ရန် တာစူနေပါသည်။ နိုင်ငံအတွင်း၌ ရောင်းတန်းဝင်ရုံ ပန်းပုရုပ်များနှင့် စခန်းသွားလို့ရသော်လည်း နိုင်ငံတကာနှင့် ယှဉ်မည်ဆိုလျှင် ဂန္ဓဝင်ပန်းပုရုပ်များ ထုလုပ်နိုင်ရန် ကြိုးစားကြရပါမည်။ ဂန္ဓဝင်ပန်းပုရုပ်များ ထုတ်လုပ်နိုင်ရန် အရည်အသွေးမီ ပန်းပုဆရာများ မွေးထုတ်ရပါမည်။

မြန်မာနိုင်ငံတွင် သင်တန်းဆရာများအား ပြုစုပျိုးထောင်ပေးသောကျောင်း မရှိသေးပါ။

ယခု ထို (Train the Trainer) သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ရန် အချိန်ကျနေပြီဖြစ်ကြောင်း မောင်းထုလိုက်ရပါသည်။

အေးငြိမ်း (လေးမျက်နှာ)

၂၆ - ၃ - ၂၀၁၄

ရည်ညွှန်းကိုးကား စာအုပ်စာတမ်း၊ အင်တာနက် website များ

http://eu.trainerguide.eu
http://blogs.technet.com
http://www.practical-management-skills.com/trainer-skills.html
http://www.mom.gov.sg
www.ial.edu.sg/‎

Login Form