သူငယ်တန်း မြန်မာဖတ်စာ သင်ရိုးဖွဲ့စည်းပုံသည် မြန်မာပြည် တွင် မြန်မာစာသင်ကြားကြမည့် ကလေးများအတွက် ရည်ရွယ်၍ ပြု စုထားသည်ဟု နားလည်ပါသည်။ ပြည်ပရောက် ကလေးများ အတွက် မရည်ရွယ်ပါ ။ ပြည်ပတွင် ကလေးတို့ အား စာသင်ပေးကြသော မိဘများနှင့် စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမ တို့သည် ဤအချက်ကို အလေးဂရု ကောင်းစွာ ပြု ဖို့လိုပါသည်။ ယနေ့ခေတ်တွင် အခြားသော ဘာသာစကားများ ( ဥပမာ အားဖြင့် စင်ကာပူတွင် English , Mandarin ) ကို အဘယ်ကဲ့သို့ ကလေးများအား သင်ကြားပေးသည် ၊ ဘယ်လို ဖတ်စာအုပ်များ ၊ သင်ကြားထောက်ကူ ပစ္စည်းများ အသုံးပြုသည် ၊ စသည်တို့ကို နှိုင်းယှဉ်လေ့လာ၍ သင်ကြားပေးသူများသည် ပြည်ပရောက်ကလေးများနှင့် သင့်လျော်အောင် ပြု ပြင်သင်ကြားရမည် ဖြစ်သည်။ မြန်မာစာ သင်ကြားရေးနှင့် ပတ်သက်၍ ကိုးကားစရာ စာအုပ်စာပေများ ၊ အတွေး အမြင်တို့ကို "ဖတ်မှတ်စရာ" ကဏ္ဍတွင် ဖတ်ရှုနိုင်ရန် လက်လှမ်းမီသမျှ စုဆောင်းတင်ပြထားပါသည် ။
မြန်မာစာ နှင့် မြန်မာစကား ကို ပြောတတ်၊ ဆို တတ်၊ ရေးတတ် ၊ ဖတ်တတ် ရုံမျှ ဖြင့် သူငယ်တန်းစာ ကို မည်သူမဆို သင်ကြားပေးနိုင်သည်ဟု ထင်မြင်ယူဆပြီး သင်ကြားပေးသူတို့ကို အတော်များများတွေ့နိုင်ပါသည်။ ထိုသူတို့သည် ဖတ်စာအုပ်တစ်အုပ်၏ အမှာစာကို စေ့စေ့ငုငု ဖတ်ရှု ဖို့လိုပါသည်။ လက်ရှိ ဖတ်စာကို ဘယ်လို သင်ရမည်၊ ဘာရည်ရွယ်ချက်တွေထား ရှိသည်ကို မျှ မသိလျှင် ပြု ပြင်ဖို့ ဆိုသည်မှာ အတော် အလှမ်းဝေး သော ကိစ္စဖြစ်ပေလိမ့်မည်။ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတို့သည် စေတနာ ကောင်းပါသော်လည်း သင့်လျော်သော သင်ကြားနည်းစနစ် ပညာများကို မလေ့လာ မဆည်းပူးဘဲ ကလေးတို့အား သင်ကြားပေးပါလျှင် ကလေးများအတွက် ထင်သလောက် အကျိုး မဖြစ်ထွန်းနိုင်ပါ။ အထူးသဖြင့် လေး ငါး ခြောက်နှစ် အရွယ်သည် သိချင်စိတ် အလွန် ပြင်းပြပြီး မှတ်နိုင်စွမ်းအား အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ဤအချိန်တွင် ထိထိရောက်ရောက် မသင်ကြားပေးနိုင်ပါက ကလေးတို့၏ အဖိုးတန်ဆုံး အချိန်ကို ဖြုန်းတီးရာရောက်သည်ကို သတိပြုစေလိုပါသည်။ ငွေကုန်လျှင် ပြန်ရှာ၍ ရနိုင်ပါသည်။ ကုန်သွားသောအချိန်ကား ပြန်မရနိုင်ပါ။

---- ပြည်ပရောက်ကလေးငယ်များကို မြန်မာစာ သင်ကြားပေးရာတွင် မိဘများပါ ပူးပေါင်းပါဝင်ဖို့ ရန် အထူးလိုအပ်ပါသည်။ ဘာကြောင့်လိုအပ်သနည်း ??? အဓိက နှစ်ချက်ရှိပါသည် ။ ၁။ ပတ်ဝန်းကျင်မတူခြင်း ၂။ စာသင်ချိန် မလုံလောက်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ သင်တန်း၊ ဆရာ၊ ဆရာမ များ အနေဖြင့် ဦးဆောင်မှု ၊ လေ့လာကြည့်ရှု စေ့ဆော်တိုက်တွန်းမှု ၊ ကြီးကြပ်ကွပ်ကဲမှု ၊ စိစစ်အကဲဖြတ်မှု ၊ သင်ကြားထောက်ကူပစ္စည်း များပံ့ပိုးမှု ၊ မှန်ကန်သော သင်ကြားရေးနည်းစနစ်များ ချပေးမှု တို့ကိုအလေးထားပြီး သင်ပြပေးမှုကို မိဘ ဆရာ လက်တွဲ၍ ဆောင်ရွက်မှသာ တိုးတက်မှုကို မြင်တွေ့နိုင်မည် ဖြစ်သည်။
မိဘများအနေဖြင့် ပြည်ပရှိ မိမိရင်သွေးငယ်တို့ မြန်မာစာ အမှန်တကယ် တတ်မြောက်ဖို့ရန် မှာ မိမိအပေါ်တွင် ၁၀ဝ ရာနှုန်း မူတည်သည်ကို နားလည်ရပါမည်။ သူငယ်တန်း မြန်မာဖတ်စာသည် မြန်မာစာတတ်မြောက်ဖို့ရန် ပထမ ခြေလှမ်းသာ ဖြစ်ပါသည်။

( မှတ်သားဖူးသည့် သြဝါဒ ---- "မိမိရဲ့ကလေးအတွက် ဖတ်စာ ကို မိဘကိုယ်တိုင် ပြုစုသင့်တယ်" ။ ... တစ်ခါက မိသားစုလိုက် ဆရာတော် ဦးဇောတိကကို သွားရောက်ဖူးတွေ့ရာတွင် ဆရာတော် မိန့်ကြားသည့် သြဝါဒ ။ )

နေလင်း
Nov 22, 2014

Login Form